Tuesday, 15 October 2013
ချစ်သူ့အကြောင်း
(၁)
စိတ်နှလုံးသည် လက်ချောင်းများတွင် တွယ်ကပ်စပြုပြီ။ နာကျင်မှုသည် လက်ချောင်းထိပ်သို့တိုင် စီးကျ လာလေ သလား။ ၀ိုင်းစက်သော စာလုံးလေးများသည် နာကျင်မှုကို ကိုယ်စားပြုနေလေသည်။
'ကျွန်မနာမည်ကို ပြောပြ မိတ်ဆက်ပေမယ့် အစ်မ သိချင်မှသိမှာပါ။ ဒါပေမယ့် အစ်မကိုတော့ ကျွန်မသိပါတယ်။ အသက်အရွယ်ကို အသေအချာ မသိပေမယ့် သူက မမလို့ ခေါ်တဲ့အတွက် အစ်မလို့ပဲ ကျွန်မ သုံးနှုန်းပါရစေ နော်'
ပင့်သက်တစ်ချက်မျှ ရှိုက်ငင်မိသောအခါ လင်း ရုတ်ချည်း မျက်ရည်ဝဲတက်လာခဲ့သည်။ သည်စာကို ရေး ဖို့ ဘယ် လိုများ စိတ်ကူးရခဲ့ပါလိမ့်။ စိတ်အနှောင့်အယှက်ပေးရန်လည်း မရည်ရွယ်။ အချစ်သစ်နှင့်ဖြောင့်ဖြူးသာယာနေသော ဇာတ် လမ်းကို တစ်ခန်းရပ်စေလိုခြင်းမရှိ။ ဒါနှင့်များ လင်း ဘာကြောင့် သည်စာကို ရေးမိပါသလဲ။
ပြီးခဲ့သော တစ်ညနေတွင် လင်းသည် နာမည်နှင့်လိပ်စာ အပြည့်အစုံရေးထားသော စာတစ်စောင်ကို မိတ်ဆွေ တစ်ဦးထံမှ ရပေသည်။ သူကတော့ သည်ဖြစ်ရပ်အပေါ် လင်း တစ်စုံတစ်ခုတုန့်ပြန်သင့်သည်ဟု ယူဆလေသလား။ လင်း ၏ သွေးအေးငြိမ်သက်ခြင်းသည် တကယ်ပင် မဖြစ်သင့်သော အမူအရာဟုမှတ်ယူ လေသလား။ မချစ်မနှစ်သက်၍ စွန့်ခွာ သူကို မည်သို့ သောတုန့်ပြန်မှုမျိုးမှ မလုပ်လိုတာသည် လင်း၏ ပကတိစိတ်ဆန္ဒသာဖြစ်ပါသည်။
ယခု ရေးလက် , စ စာသည် ထိုပကတိစိတ်ကို ချိုး ဖောက်နေပြီဟု ယူဆရသည်။ သည်လိုဆို စာရေးတာကို ရပ် ရတော့မလား။ ဟင့်အင်း..။ ခုနေတော့ သည်စာလုံးလေးများသည် အဆုံးစွန်သော နာကျင်မှု၏ ထွက်ပေါက်သာဖြစ်သည်။ သို့ပေမယ့် သည်ထွက်ပေါက်တွင်ပင် နာကျင်မှုနှင့်အတူ မမြင်သာသောမေတ္တာစိတ်က လိုက်ပါမြဲဖြစ်သည်ကိုတော့ ၀မ်း နည်းစဖွယ် သတိထားမိလာပါ သည်။
"သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာကြုံလည်း အစ်မကို ချော့ဖို့ သူသတိရမှာမဟုတ်ပါဘူး။ အဲဒီလို မသိ ကျိုးကျွံနေလို့ အစ်မ စိတ်မကောက်ပါနဲ့နော်။ သူက စိတ်ကောက်တတ်တဲ့ မိန်းကလေးမျိုးဆို စိတ်ညစ်တယ်လို့ အစ်မကို ပြောပါလိမ့်မယ်"
*****
မိုးစက်များ မြေပြင်ပေါ် တဖွဲဖွဲ ခုန်ဆင်းနေသည်ကို လင်း ငေးကြည့်နေမိသည်။ အေးစက်သော မိုးလေသည် လင်း ကို ချမ်းမြမြခံစားလာစေသည်။ ခိုဝင်နေမိ သောသစ်ပင်ရိပ်သည် မိုးစက်များ ကျဆင်းစပြုသည်ကို အနည်းနှင့်အများ ဟန့်တားနိုင်ဆဲ။ သည့်ထက် မိုးသည်းလာလျှင်တော့ မလွယ်။ ဘယ်နည်းနှင့်မျှ မလွယ်ချေ။
တကယ်ဆို လင်း ထီးယူလာဖို့ ကောင်းပါသည်။ မိုးတွင်းဖြစ်ပါလျက် ရာသီဥတုသာယာကြည်လင်နေသည်ကို လင်း ယုံစားမိခဲ့သည်။ ထီးယူရမည်ကိုလည်း အင်မတန် ၀န်လေးသူပီပီ အိမ်က သည်အတိုင်းပင် ထွက်လာခဲ့မိသည်။ ကား မှတ်တိုင်ရောက်မှပင် မိုးက တဖွဲဖွဲ ကျဆင်းလေရာ အိမ်သို့လည်း လှည့်မပြန်လိုပြီ။
နာရီပတ်လေ့မရှိသူမို့ ဘယ်အချိန် ရှိနေပြီလဲမသိ။ သို့သော် အိမ်က လမ်းလျှောက်လာသောအချိန်နှင့် စောင့်စား ရသောအချိန်တို့ပေါင်းလျှင် ညနေ ၆ နာရီဝန်းကျင်ဆိုသည်ကိုတော့ လင်းမှန်းဆနိုင်ပါသည်။
ညနေ ၅ နာရီစောင့်နေဆိုသော သူ့စကားသံသည် ခုပင် နားထဲတိုးဝင်လာသလို။ ခုတော့ ၆ နာရီပင် ထိုးလုပြီ။ သူ ဘာကြောင့် ရောက်မလာသေးပါလိမ့်။
ခုနေ မိုး သည်ထက်သည်းလာရင် လင်း ဘာလုပ် ရပါ့မလဲ။ အိမ်ပဲ လှည့်ပြန်ရမလား။ သည်အတိုင်း ဆက်စောင့် နေရမလား။ မိုးရေစက်များကို တွေဝေစွာပင် ငေး မောမိပြန်သည်။ သည့်ထက် မိုးသည်းမလာသည်ကိုတော့ ခုနေ ကျေးဇူး တင်စဖွယ်ပင်။
ကားမှတ်တိုင်သို့ ကားများ တစ်စီးပြီးတစ်စီး ဆိုက် လာသည်ကိုရော တစ်စီးပြီးတစ်စီး ထွက်ခွာသည်ကိုပါ ငေးနေ မိသည်။ မိုးစက်မှုန်များသည် မြေပြင်ပေါ်ခုန်ဆင်းမြဲ။ ကားစောင့်နေသူတို့သည် မိုးဖွဲဖွဲကြား ထီးပင်မဆောင်းနိုင်ဘဲ ထိုးဆိုက် လာသည့် ကားများနောက် အပြေးအလွှား ခြေလှမ်းပြင်ကြပေသည်။
လင်းသာ သစ်ပင်ရိပ်တွင် ငေးမောကျန်ရစ်သည်။မိုးစက်များကို ငြူစူရင်း တဖြည်းဖြည်း ၀မ်းနည်းစပြု လာပါသည်။
နောက်ကျမည်ဆိုသည့်အကြောင်းကိုသော်မှ သူ ဖုန်းလေးတစ်ချက် မဆက်ခဲ့ပါလား။
"ညနေခင်း အလုပ်ကိစ္စ စကားပြောစရာရှိတယ်။ ပြီး ပြီးချင်း လာခဲ့မယ်နော်။ ဖုန်းတော့မဆက်နဲ့။ ကိုယ် ဆက် မယ်။ စကားပြောတုန်း ဖုန်းလာရင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလို့"
ဟုတ်ကဲ့ဟု ဆိုနေကျလေသံနှင့် ဆိုခဲ့မိသေးသည်။ စကားကိုနာခံစွာ ဖုန်းတစ်ချက်မဆက်ဖြစ်။ သူက စိတ်တို တောင်း လွယ်သူ။ အထူးသဖြင့် အလုပ်ကိစ္စနှင့်ပတ်သက်လာလျှင် နည်းနည်းမျှ အထိအခိုက်ခံသူမဟုတ်ပါ။
အအေးကဲလာသော မိုးငွေ့အောက်တွင် လင်း စိတ် ပင်ပန်းစပြုလာပါသည်။ ပူပန်ရသည်မှာ မိုးသည်းလာမည် ကိုပင်။ သူမလာတော့တာလည်း ဖြစ်နိုင်သည်။ သူသည် လာမည်ဟု ချိန်းဆိုပြီးမှ မကြာခဏပျက်တတ်သူ။ သည်တစ်ကြိမ် လည်း ပျက်တာ ဖြစ်ကောင်းဖြစ်နေမှာပေါ့။ ညနေ ၆ နာရီပဲထိုးတော့မည်မို့ သည်အချိန်တော့ သူ့အလုပ်ပြီးလောက်ပြီဟု လင်း ယုံကြည်သည်။ ဘာပဲဖြစ်ဖြစ် သူ့ထံ ဖုန်းဆက်ရတော့မည်။ သည်လမ်းကလွဲ၍ လင်း ရွေးချယ်စရာ မရှိတော့ပါပေ။
တစ်ဖက်မှ ဖုန်းမြည်သံကို ကြား၏။ တစ်ခဏအ တွင်းမှာပင် သူ့အသံခပ်အုပ်အုပ်ကို ကြားရ၏။
"ဖုန်းမဆက်နဲ့ ပြောထားတယ်လေကွာ။ ဒီမှာ အလုပ်က ဘယ်လိုမှ မပြတ်သေးဘူး။ ဖုန်းထပြောရတာ ဘယ် လောက် အားနာစရာကောင်းသလဲ"
"လင်း သိပါတယ်။ မဆက်ဘူးလို့နေတာပဲ။ ဒီမှာ လင်း စောင့်နေတာ ကြာပြီ။ မိုးလည်းရွာနေတယ်။ တစ်နာရီ လောက်ရှိတော့မယ် လင်းတစ်ယောက်တည်း ကားမှတ်တိုင်နားမှာ ထီးလည်းမပါဘူး။ လင်း ဘာလုပ်ရ မလဲ"
စိတ်ရှုပ်ထွေးသည့်သဘောကိုဆောင်သော ဟာ ဟု ရေရွတ်သံတစ်ချက်ပေါ်လာသည်ကို လင်း မအံ့သြပါ။ သည် အသံများကို တစ်နှစ်ကျော်ရင်းနှီးခဲ့ပြီးပြီ။
"အေး အဲဒါဆိုလည်း ပြန်လိုက်တော့ ကြားလား။ ကိုယ် လာနိုင်မှာမဟုတ်တော့ဘူး"
"အဲဒါဆိုလည်း စောစောကတည်းက...."
ပြောပါလားဟူသော စကားလုံးသည် နှုတ်ဖျားမှပင် မထွက်လိုက်ရ။ သူ ဖုန်းချသွားပြီ။
မိုးဖွဲဖွဲအောက်တွင်ပင် ကားမှတ်တိုင်ကို လင်း ကျောခိုင်းလိုက်ပါသည်။
ဝမ်းနည်းမှုသည် မိုးဖွဲများကိုပင် မမှုစေပြီ။ အိတ်ကြိုးကို တင်းတင်းဆုပ်ကာ လင်း လမ်းသွယ်လေးထဲ ၀င်လာခဲ့ သည်။ အဆောင်သို့ ရောက်သည်။ အခန်းလေးသည် သည်ညနေမှာမှ ပို၍ ခြောက်ကပ်နေသလို၊ အထီးကျန်မှုကို ပို၍ မြင် သာစေသလို ခံစားရသည်။
နာရီသံတချက်ချက်ကို အသေးစိတ်နားထောင်နေမိသလားမသိ။ သူ ဖုန်းဆက်ဦးမည်ဟု မျှော်နေခဲ့သေးသည်။ သို့သော် ဖုန်းကလေးသည် စာကြည့်စားပွဲပေါ်တွင် ငြိမ်ချက်သားကောင်းလျက်။ အချိန်တဖြည်းဖြည်း လင့်လာလျှင် ညစာ စားဖို့ ပြင်ရသည်။ တကယ်တော့ ညစာအတူစားရအောင်ဟု သူပြောခဲ့သည်နှင့် စားစရာဘာမှကြိုပြင်မထား။ခေါက်ဆွဲပြုတ် ကိုသာ အားကိုးရ သည်။ ခေါက်ဆွဲပူပူသည် လူကို မျက်ရည်ကျစေပါသလား။ လင်းသည် ထိုညဦးကတော့ ခေါက်ဆွဲ ပန်းကန်ရှေ့ မျက်ရည်တပေါက်ပေါက်ကျခဲ့ရပါသည်။
သူ့ဖုန်းသံကိုကြားရတော့ ည ၁၁ နာရီရှိပြီ။ မကိုင်တော့ပါဘူးဟု တွေးသော်လည်း မနေနိုင်။ ဖုန်းကိုင်မိသည်။ ချော့မော့သော စကားဆိုလိမ့်မည်ဟု ယူဆမိသော်လည်း သူ သည် ပြောရိုးပြောစဉ်စကားတချို့ အထူးသဖြင့် သူ့အလုပ် အကြောင်းကို ပြောပြနေသည်။ စိတ်က နာကျင်ဆဲရှိသည်မို့ စကားကောင်းကောင်းပြော မထွက်သေး။ ဒါကိုပင် သူက ဒေါသထားချင်သည်။
"ဘာဖြစ်နေတာလဲ လင်း မင်းအသံက..။ နေမ ကောင်းဘူးလား"
"နေကောင်းပါတယ်။ စိတ်ပဲ မကောင်းတာ"
"ဘာလဲ ညနေက ကိစ္စလား။ ကိုယ် မအားဘူးလို့ မင်းကိုရှင်းပြသားပဲ။ စိတ်ကောက်လည်းမတတ်နိုင်ဘူး။ အဲဒီလို စိတ်ကောက်တဲ့အကျင့်မျိုးကို ကိုယ်မကြိုက်ဘူး ဆိုတာ မသိတာလည်းမဟုတ်ဘူး။ တော်ပြီ တခြားအ ကြောင်းပဲ ပြော"
ပြေရာပြေကြောင်း စကားလေးတစ်ခွန်းပဲဖြစ်ဖြစ် ကြားရဖို့ လင်း ညနေခင်းတစ်ခုလုံး မျှော်လင့်ခဲ့တာ ဖြစ်ပါသည်။ သို့သော် ခုတော့ မျှော်လင့်သမျှသည် လေပြေထဲလွင့်မျောသွားသော ငှက်မွေးစကလေးပမာ။ ဖမ်းမမိနိုင်သော မျှော်လင့် ချက်ကလေးတစ်စသည်လည်း လင်း၏ စိတ်နှလုံးထဲမှ ပျောက်ကွယ်လေပြီ။
*****
(၂)
သည်စာကို ရည်ရွယ်သူထံ ဘယ်သို့ ပို့ဖြစ်မည် မသိသေး။ သည်အဆင့်ကို မစဉ်းစားရသေး။ စာတိုက်မှ တစ်ဆင့် ဖြစ်ကောင်းဖြစ်မည်။ လိပ်စာအတိုင်း တစ်ယောက်ယောက်ကို အကူအညီတောင်းကာ ပို့စေတာလည်း ဖြစ်ကောင်းဖြစ်မည်။ လတ်တလော မသေချာ။ သို့သော် ခုနေတော့ စကားလုံးလေးများ စီးဆင်းနေမှုကို လင်း မတားနိုင်။
'ကျွန်မဆီက ထွက်သွားမယ့် ခြေလှမ်းတွေကို မတားခဲ့ပါဘူးအစ်မရယ်။ လူတစ်ယောက်ကို အမှန်တကယ် ချစ်မိ တဲ့အခါ အနားက ထွက်ခွာမယ့် ခြေလှမ်းတွေကိုတောင် လွတ်လပ်ခွင့်ပေးနိုင်ပါတယ်'
ဖန်သားပြင်သည် အလင်းရောင် များလွန်းလေသ လား။ သို့မဟုတ် စိတ်ကပဲ ထင်လို့လား။ လင်း၏ အမြင်က တဖြည်းဖြည်းေ၀၀ါးလာသည်သို့ပင်။ သို့သော် လက်ချောင်းများကတော့ ခလုတ်ကလေးများပေါ် တဖြောက်ဖြောက် ပြေး လွှားနေမြဲ။
'သူ့မှာ ချစ်သူတွေ ရှိခဲ့ကြောင်း အစ်မကို ပြောပြရင် ပြောပြပါလိမ့်မယ်။ သူ့ချစ်သူဟောင်းတွေနဲ့လည်း ခုထိ ပတ် သက်နေတာ ကြုံကောင်းကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုကြုံလို့တော့ အစ်မသ၀န်မတိုစေချင်ဘူး။ သူ က သ၀န်တိုတာ ကို မကြိုက်ဘူးလေ'
******
ဖုန်းချလိုက်သည်မှာကြာပြီ။
သို့သော် စားပွဲပေါ်က ဖုန်းကလေးကိုပင် အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်နေမိလေသည်။ သည် ဖုန်းလေးက တစ်ဆင့် ကြားခဲ့ရသော စကားသံတို့ကို ယခုတိုင် ကြားယောင်နေဆဲ။ ခုပင် နားနား ကပ်ပြောနေသလို စိတ်၌ထင်လာ၏။
လင်းသည် ပင့်သက်တစ်ချက်မျှ ရှိုက်ကာ ကုတင်ပေါ်ထိုင်ချလိုက်သည်။ စာအုပ်တစ်အုပ်ကို ကောက်ကိုင်သည်။ စာဖတ်ရမည်။ စာဖတ်လျှင်၊ စာထဲ စိတ်ရောက်လျှင်တော့ သည် မွန်းကြပ်ပင်ပန်းသော စိတ်ခံစားမှုကို တစ်ခဏဖြစ်ဖြစ် မေ့ လျော့နိုင်မည်။ သို့သော် စာလုံးလေးများက လင်း၏ အာရုံကို မစုစည်းစေတာ ကြုံရ၏။
ဟော...စကားသံတို့သည် လေထဲတွင်ပင် မျောလွင့် လာလေသလား။
"အဲဒီကောင်မလေးနဲ့ သူက လက်ကိုင်ထားတာတွေ ဘာတွေ အဲဒီလို ရည်းစားလိုပုံစံမျိုးမဟုတ်ဘူးဟယ်။ ဒါပေမယ့် ငါ့စိတ်ထဲ တစ်မျိုးပဲ။ သူတို့ ကြည့်ပုံရှုပုံက တစ်မျိုးပဲ ရင်းနှီးနေသလိုပဲ ခံစားရတယ်"
လင်းသည် နားနှစ်ဖက်ကို ယောင်ယမ်း၍ ပိတ်မိ တော့မလို စိတ်တွင် နာကျင်လာ၏။ မိမိကို ခင်မင် စေတနာ ထားသူ၏ စကားမို့သာ လက်ခံရသည်။ မယုံ ချင်။ မယုံနိုင်။ သူ့ကို ကော်ဖီဆိုင်တစ်ခုမှာ တွေ့ခဲ့သည် ဆိုပါလား၊ မိန်းက လေးတစ်ယောက်နှင့်ဆိုပါလား။
စိတ်နှလုံး၏ ပူပန်နာကျင်ခြင်းကို လင်းဘာသာ တ အံ့တသြဖြစ်စပြုလာသည်။ ထူးထူးဆန်းဆန်းပါလား ကွယ်။ တကယ်တော့ လင်းသည် သ၀န်တိုတတ်သူမဟုတ်။ သည်လိုသာ အမြဲသေချာခဲ့သည်။ လင်းက မိန်း မ မဆန်လိုသူ။ ခု တော့ ဘယ်လိုဖြစ်ရပါလိမ့်။
သ၀န်မတိုတတ်ခဲ့သူမို့သာ သူ့ချစ်သူအဖြစ် တစ်နှစ်ကျော် အတူရှိနိုင်ခဲ့သည်လားမသိ။ သူ့ကို ချစ်သူအဖြစ်လက်ခံ ပြီးနောက်ပိုင်း စကားလုံးများစွာသည် လင်းထံ လေထဲက ပျံ့လွင့်လာသလို ရောက်လာခဲ့သည်မဟုတ်လား။
သူ့အတိတ်တစ်ချိန်က လွန်ခဲ့သော ဇာတ်လမ်းများ သည် ဟိုမှသည်မှ ပေါ်ပေါက်လာတော့သလို ထင်ရ၏။ တကူး တကသယ်ဆောင်လာသူတို့ရှိသလို အမှတ်မထင် လွှတ်ကနဲပြောထွက်တတ်သူတို့ကိုလည်း ကြုံရသည်။ တချို့တချို့ကို တော့ သူကိုယ်တိုင် ပြောပြတတ်သည်။
သူ့အသက် ၂၆ နှစ်မှာ ချစ်သူ ဘယ်နှယောက်ရှိခဲ့ပါသလဲဟု လင်းဘယ်တော့မှမမေးပါ။ မေးလျှင် သူဖြေမည် ဆို တာ လင်းသိပါသည်။ သို့သော် အဲသည်မေးခွန်း၏အဖြေကို လင်း မသိချင်ပါ။ အမှန်အတိုင်း ဖြေလိုက်မည်ကို ကြားနိုင် စွမ်းမရှိ။
တစ်ဆင့်စကားကြားရတိုင်း မေးခွန်းထုတ်လေ့မရှိ သော်လည်း သည်တစ်ကြိမ်တော့ ဘာကြောင့်မှန်းမသိ မေးလို ခဲ့သည်။ တကယ်ပင် မေးခဲ့မိသည်။
သူသည် အခါများစွာလိုပင် လင်းကို မလိမ်ညာခဲ့။ သူ့အမူအရာသည်လည်း အခါများစွာလိုပင် သွေးအေး တည် ငြိမ်လျက်သာ။
"မင်းကိုပြောဖူးပါတယ်လင်းရယ်။ ကိုယ် ဆယ်တန်း အောင်ပြီးစမှာ ထားတဲ့ရည်းစားဆိုတာ။ သူက စင်ကာပူ ရောက်နေတာကွ။ အခု ခဏပြန်လာတုန်း တွေ့တာ။ အရင်ကတည်းက သူငယ်ချင်းပဲ လင်းရဲ့ တွေ့တာပေါ့။ အဲဒါ ဘာဖြစ် လို့လဲ"
အမှန်တရားသည် ဓားတစ်လက်သဖွယ် နှလုံးသား ကို ထိုးဆွနိုင်ကြောင်း ခုတော့ လင်း သိပြီ။ ဓားထက်ထက် ဖြင့် ထိုးဆွသည်မို့ နှလုံးမှ သွေးစိမ်းရှင်ရှင်ယိုစီး စပြုလာသည်။ သို့သော် လင်းက အပြုံးတစ်စကို နှုတ်ခမ်းထက် ချိတ်ထား ဆဲ။
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး"
"မဖြစ်လည်း ပြီးရော။ ကိုယ်ပြောဖူးတယ်နော်။ သ ၀န်တိုတာကို မကြိုက်ဘူးဆိုတာ။ ကိုယ် ဘာမှ မဟုတ်တာ မလုပ်ဘူး။ အရင်က ကိစ္စတွေကို ခဏခဏ ပြန် အစမဖော်နဲ့။ ကိုယ် အဲဒါမျိုးကို စိတ်ရှုပ်တတ်တယ်"
တကယ်ပင် စိတ်ညစ်ညူးဟန် ပေါက်နေသော မျက် နှာကို ငေးမောကာ စကားလုံးများစွာကို လင်း မြိုသိပ်ခဲ့ ပါသည်။
ထိုညနေတွင်တော့ လင်းသည် သူ့အစ်မထံ ဖုန်း ဆက်မိ၏။ ဆက်မည်ဟု ကြိုတင်ရည်ရွယ်ခဲ့တာ မရှိဘဲ ထို ဂဏန်းများကို ဘာကြောင့်နှိပ်မိသည်မသိ။ မေးခွန်းတစ်ခုကိုလည်း ဘာကြောင့်များ မေးမိသည်မသိ။ နောင်သောအခါတွင် တော့ ထိုနေ့က ဖုန်းမဆက်လိုက် ရကောင်းသားဟု တွေးမိရသည်။ မေးခွန်းမမေးလိုက်ရ ကောင်းသားဟု နောင်တရသည်။ သို့သော် စိတ်၏အလိုကို ငြင်းခဲသော လင်းကတော့ ထိုအချိန်က စိတ်က ခိုင်းစေသလိုပင် မေးခဲ့မိသည်။
"သူ့မှာ လင်းအရင် ကောင်မလေးတွေရှိခဲ့တယ်ဆို တာ အစ်မ သိတယ်မို့လားဟင်"
"သိပါတယ် လင်းရယ်"
အစ်မ၏ အသံက တုံ့ဆိုင်းဆိုင်း။ လင်းကို အပြင် တွင် မမြင်ဖူးသော်လည်း စကားပြောဆိုရင်းနှီးချစ်ခင်သူ သူမို့ အားနာဟန်လေသံမှန်း ခံစားရပါသည်။
"အစ်မကို တခြားမိန်းကလေးတွေနဲ့ စကားပေးပြော ဖူးသလားဟင်။ အစ်မနဲ့ လင်းကို ဖုန်းပြောဖို့ မိတ်ဆက်ပေး သလို တခြားမိန်းကလေးတွေကို မိတ်ဆက်ပေးသလား"
သည်မေးခွန်းသည် လင်း၏ ရင်ထဲကယုံကြည်မှုကို အရောင်တင်ရန် မေးသောမေးခွန်းမျှသာပင်။ အစ်မနှင့် သိ ကျွမ်းပတ်သက်ရခြင်းသည် မိသားစုဝင်တစ်ယောက်လို သဘောထားခံရခြင်းဟုသာ လင်း ယုံကြည် ထားခဲ့သည် မဟုတ် လား။ သူနှင့်ပတ်သက်၍ စိတ်ပူပင်ရသမျှကို သည်အချက်တစ်ခုတည်းနှင့် တွေးတောပြေပျောက်နိုင်ခဲ့သည်မဟုတ်လား။
ခုတော့ မေးခွန်းကို အမှတ်မထင် မေးမိပြီ။ အဖြေ စကားတစ်ခုရရန် စောင့်ရသော အချိန်က လင်း စိတ်ထင် တော့ မဆိုစလောက် ကြာသည်။ အစ်မ၏ ပင့်သက် ရှိုက်သံကိုပင် ကြားသလို ထင်၏။ လင်းသည် အသက် မျှ မရှူနိုင်တော့သလို အဖြေကို စောင့်စားနေသည်။
"သူ့ကိုတော့ သွားမမေးပါနဲ့ ညီမလေးရယ်။ ပြော ဖူးပါတယ်၊ အဲဒီလိုပဲ ကောင်မလေးတွေ သူဆက်ခိုင်း လို့ ဖုန်း ဆက်တာတွေ ရှိဖူးတယ်"
လင်း၏ မျှော်လင့်ခြင်း ကမ္ဘာက ထိုခဏတွင် မှောင် အတိကျခဲ့ပါသည်။
*******
(၃)
'အချစ်ဆိုတာ အခန့်မသင့်ရင် သိပ်ကြောက်ဖို့ ကောင်းတဲ့ ၀ဋ်တစ်မျိုးပါ အစ်မရယ်။ အသက် ၂၅ နှစ်အရွယ် ရောက်တဲ့အထိ ကျွန်မ သူ့ကို ချစ်တဲ့ အချစ်မျိုး ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပါဘူး။ ၀ဋ်ကြွေးပဲလို့ လက်ခံ လာတဲ့အထိတောင် ကျွန်မ သူ့ဆီက မလွတ်မြောက် ချင်ခဲ့ပါဘူး'
အစ်မဟု လင်းရည်ညွှန်းလျက်ရှိသော အမျိုးသမီးကို လွန်ခဲ့သည့် တစ်လ၀န်းကျင်က မြင်ဖူးရလေသည်။ ဆူးလေ က ကော်ဖီဆိုင်လေးတွင်ဖြစ်သည်။ အမျိုး သမီးသည် တစ်ယောက်တည်း စာအုပ်ဖတ်ရင်း ထိုင်နေ သည်။ ကော်ဖီခွက်ကို ရှေ့ချ လျက်။ အဲဒါပေါ့ဟု သူငယ် ချင်းက မေးဆတ်ပြလျှင် လင်း ရင်တဒိတ်ဒိတ်ခုန်လာခဲ့ သည်။
သည်ဆိုင်ကို မကြာခဏလာတတ်သည်ဆိုသည့် အမျိုးသမီးကို လင်း ဘာကြောင့် မြင်ဖူးချင်တာပါလိမ့်။ ပြဿနာ တစ်စုံတစ်ခု ဖန်တီးရန် မဟုတ်သည်ကို ကိုယ့် ဘာသာ သေချာ၏။ မြင်ဖူးရုံပါ။
လှပသေသပ်သော မျက်နှာကို အညိုရောင် ဆံနွယ် လိပ်ခွေခွေက အနားသပ်ထားလျှင် လင်းသည် ကျောပေါ် က ဆံနွယ်ရှည်များကို သတိရလာသည်။ ခုထိ လင်း ဆံပင် မညှပ်မိသေး။ ထိုအမျိုးသမီးကတော့ ဆံနွယ်ခွေများနှင့် လှပ လျက်။ သူနှစ်သက်သော ပုံစံနောက်တစ်မျိုးလား။ လင်းမသိပါ။
ထိုနေ့က ကော်ဖီက အရင်ထက် ပိုခါးသက်နေခဲ့ သည်ကိုတော့ လင်း ယခုတိုင် သတိရဆဲ။
“သူ ဖုန်းဆက်ရင် အစ်မ ဖုန်း ချက်ချင်းကိုင်ပါနော်။ မကိုင်လိုက်မိရင် ဖြေရှင်းချက်တွေ အစ်မ ပေးရပါလိမ့်မယ်။ ကော်ဖီဆိုင်ရောက်ရင် အစ်မ သူ့ကော်ဖီခွက်ထဲ သကြားမထည့်ပေးပါနဲ့။ အစ်မ ကော်ဖီနှစ်ခွက် သောက်ရလိမ့်မယ်။ လမ်း အတူလျှောက်ရင်လည်း သူက ခြေ လှမ်း သိပ်မြန်တယ်။ အစ်မ ခြေလှမ်းမြန်မှဖြစ်လိမ့်မယ်။ သူက ရပ်စောင့်ရရင်စိတ်မရှည် ဘူးလေ။ သူနေမကောင်း တဲ့အခါ အစ်မ ဖုန်းထဲက အသံကြားတာနဲ့ သိဖို့ လိုမယ်။ အစ်မ နေမကောင်းလို့ သူမသိရင်၊ သူ ရောက်မလာရင်တော့ စိတ်မကောင်းမဖြစ်ပါနဲ့နော်'
*******
လင်းသည် အင်းလျားကန် ကုန်းစောင်းလေးက မြက်ခင်းပေါ်တွင် ထိုင်နေသည်။ ညဦးချိန်မို့ ၀န်းကျင် တစ်ဝိုက် လျှပ်စစ်မီးများ လင်းလက်နေခဲ့ပြီ။ လမ်းပေါ် တွင် ကားကြီးကားငယ်တို့ ပြေးလွှားနေသည်ကို မြင်ရ သည်။ ကုန်းစောင်း လေးတွင်တော့ ချစ်သူစုံတွဲတို့ကို ဟိုနားသည်နား တွေ့ရ၏။ လင်းတို့လို မိတ်ဆွေသူငယ် ချင်းများချည်းသာ လာပြီး အပန်း ဖြေကြသူများရှိသည်။
တစ်နေ့တာလုံး လုပ်ငန်းခွင်၌ စိတ်ပင်ပန်းနေခဲ့သော အဖြစ်သည် ခုတော့ အနည်းငယ် ပေါ့ပါးသက်သာ ခဲ့ပြီ။ မြက် ခင်းပေါ် သည်အတိုင်းထိုင်ရသည်ကို လင်း သဘောကျလာသည်။ ကောင်းကင်အား လွတ်လပ်ပွင့်လင်းစွာ မြင်ရခြင်း ကို လည်း ကျေနပ်လာသည်။ တိမ်မျှင်စတို့လို လွင့်ပါစီးမျောသွားရလျှင် ဘယ်လောက်များ ကောင်းမည်နည်း။
သူငယ်ချင်းက သီချင်းလေးတစ်ပုဒ် ဖွင့်လိုက်သည်။ ၀ိုင်းစုခိုင်သိန်း၏ ချိုသာနုနွဲ့သော အသံသည် ကရုဏာသက် ဖွယ် ပျံ့လွင့်လာသည်။ ချစ်ခဲ့ဖူးလား ဖြေပါ..။
"ကို လင်းကို တကယ်ရော ချစ်ရဲ့လား"ဟု တစ်ခါ တုန်းက မေးဖူးသည်ကို သီချင်းသံအကြား၌ ရုတ်ချည်း သတိရ လေသည်။ သူ ဘယ်လို ပြန်ဖြေခဲ့ပါလိမ့်။ ချစ် တာပေါ့လင်းရယ်ဆိုလား။ သို့သော် လေသံက နည်း နည်းများ ပေါ့တီးပေါ့ဆ နိုင်မနေဘူးလားကွယ်။ မျက်ဝန်းက အရိပ်ကလည်း သည့်ထက် လေးနက်နေ ဖို့မကောင်းဘူးလား။ လင်း၏ မသိစိတ်ကသာ သည်လို တွေးခဲ့သော်လည်း သိစိတ်မှာတော့ အခါများစွာလို ထို အဖြေကို နှစ်လိုကျေနပ်ခဲ့တယ်ထင်ပါသည်။
မင်းရင်ထဲက အရာရာကို မြင်ချင်လိုက်တာ...။
သူ့ရင်ထဲကို တစ်နှစ်တာကာလအတွင်း လင်း အကုန်အစင် လှမ်းမြင်ခဲ့ပါသလား။ မသေချာ။ ပြန်တွေး တော့ ဘာ တစ်ခုမှ မသေချာ။ လင်းဘက်ကတော့ ကိုယ့် ကိုယ်ကိုယ် သေချာခဲ့ပါသည်။ လင်းတွင် သူ့အပေါ် ဖုံးကွယ်ထားတာ ဘာမှ မရှိ။ အရာရာ ပွင့်လင်းခဲ့သည်။ စကားတစ်ခွန်းကိုသော်မျှ မမြိုသိပ်ခဲ့။ အချစ်ကို မသိသာ စေရဘူးဟု ကြားဖူးနားဝရှိသော် လည်း လင်းကတော့ ကိုယ့်အချစ်ကိုယ် မြင်သာအောင် ထုတ်ပြခဲ့မိသူပါ။
"ငါ သူ့ကိုချစ်ရတာ သိပ်မွန်းကြပ်တာပဲ လင်းရယ်။ ငါ့ကို အရုပ်တစ်ရုပ်လို သူက ထားချင်တယ်။ ဘယ် သွား သွား ပြန်ပြီ၊ ဘာလုပ် လုပ်ပြန်ပြီနဲ့ ငါက စက်ရုပ်နဲ့ တဖြည်းဖြည်းတူတူလာတယ်။ ချစ်တော့လည်း ထွက် မပြေးနိုင်ပြန်ဘူး"
သူငယ်ချင်းသည် အဝေးကို ငေးမျှော်ရင်း တီးတိုး ဆိုနေသည်။ အရာရာ လိုက်လံထိန်းချုပ်တော့လည်း စိတ်ရှုပ်ရ သတဲ့လား။ လင်း ပြုံးလိုက်ပါသည်။
"ငါ့ကိုတော့ ငါ ဘာလုပ်နေနေ သူ စိတ်မ၀င်စားပါ ဘူးဟာ"
"အဲဒါ မကောင်းဘူးလား လင်းရဲ့။ ငါဖြင့် အဲဒီလို လွတ်လပ်ချင်လွန်းလို့"
လင်း စကားမပြန်ပေ။ သီချင်းသံလေး ဆက်ကြား နေရသည်ကိုသာ နားစွင့်နေသည်။ စိတ်ကား လေပြေ နှင့်အတူ မျောပါစပြုသည်။ လွင့်မျောသော စိတ်တွင် အတိတ်သို့ ရောက်သည်။ သူ့ကို မြင်သည်။ အမြဲတစေ သွေးအေးသော သူ့ ဟန်ပန်ကို မြင်သည်။ လင်းထက်ပင် သန့်ပြန့်ကြည့်ကောင်းသော၊ ကြည်စင်သောအသားအ ရေနှင့် နှင်းဆီခိုင် သူ့ကိုမြင် သည်။ သူလို လူမျိုးက လင်း ကို ပူပန်မနေတာသည် တကယ်တော့ မဆန်းပါပေ။ လင်းသည် ချောမောလှပသူမဟုတ်။ သာမာန် မိန်းကလေး တစ်ယောက်သာ။ သို့သော် သူကတော့ လင်းနှင့် ဆန့် ကျင်ဘက်သာတည်း။
သူ့အချစ်ကို လင်းပတ်ဝန်းကျင်က မယုံ။ ဒါသည် ၀မ်းနည်းစရာမဟုတ်။ သို့သော် လင်းကိုယ်တိုင် မယုံ သည်မှာ တော့ ၀မ်းနည်းစဖွယ်။ ယုံကြည်စရာ အချက် တစ်ခုမှ လင်းမကြုံခဲ့ဖူးဘူးလားမသိ။ ပြန်တွေးတော့ လည်း အရာရာ ၀ိုးတ၀ါး နိုင်မြဲ။
ပြီးခဲ့သော နွေဦးတစ်ရက်ကို ပြန်သတိရသည်။ လင်းသည် ထိုစဉ်က အဆောင်အခန်းလေးထဲ တစ်ယောက် တည်း အားငယ်ပြိုလဲနေချိန်။ လင်း ဖျားနေ သည်။ အလုပ်ကခွင့်ယူထားရသည်။ ဖျားလျှင် ဖြစ်တတ် သော သဘော အတိုင်း အမေ့ကို လွမ်းနေသည်။ သို့သော် ဖုန်းပင် မဆက်ဖြစ်။ အမေ စိတ်ပူမည် စိုး၏။ လင်းက မည်သူ့ကိုမျှ အပူမပေး လိုသူ။
လည်ချောင်းထဲ ဆေးများကို ကြိုးစားမြိုချရင်း သူ့ ကို သတိရသေးသည်။ သူ လင်းကို ဖုန်းကလေးတစ် ချက်တော့ မဆက်သင့်ဘူးလား။ မနေ့ညက ဖုန်းပြောစဉ် နေမကောင်းဘူးဟု ပြောပြမိသေးသည်။ ဆေးသောက်ပေါ့တဲ့။ ဟုတ်ကဲ့.. ဆေးသောက်ပါသည်။ သို့ သော် အားငယ်ခြင်းကိုတော့ ဘယ်သို့ ကုစားရမည် နည်း။ သည်လိုနှင့် ညနေစောင်းလျှင်တော့ ဖုန်းတစ်ချက် ဆက်ဖော်ရပါရဲ့။ သို့သော် လူကတော့ ရောက်မလာပြီ။
သူ နေမကောင်းဘူးဆိုတုန်းကတော့ လင်း ဘယ်နှစ်နာရီခြားတစ်ကြိမ် ဖုန်းဆက်မိပါလိမ့်။ အားအင်ဖျော့တော့ သော အသံတိုးသဲ့သဲ့ကို ကြားတိုင်း ပြုစုမည့်သူ မိသားစု အနီးတွင်ရှိမှန်းသိသည့်ကြားက ဘယ်လောက် စိတ်ပူခဲ့ရပါလိမ့်။ သူကတော့ မိသားစုနှင့်အဝေးမှာ ရှင်သန်ရသူ လင်းကို တစ်ချက်ကလေးပင် စိတ်မပူပန်။ အမြဲတစေ စိတ်ချလက်ချရှိမြဲ။ လင်းသည် ဘာကိုမဆို ဘာသာဖန်တီးနိုင်မည်ဟု ယုံကြည်လေသလား။ ကိုယ့် ဘ၀ကိုယ်တည်ဆောက်နေသော၊ စိတ် နှလုံးခိုင်မာသောမိန်းကလေးတွင်လည်း ချစ်သူကိုအားကိုးလိုမည့် အချိန်တစ်ခုရှိမည်ဟု တစ်ကြိမ်မျှ မတွေးခဲ့ဖူးဘူးလား။
"လင်း အားငယ်တတ်မယ်လို့ တစ်ခါမှ မတွေးမိ ဘူးလားဟင်"ဟုတော့ တစ်ခါက မေးမိသေးသည်။
အဲသည်တုန်းက သူက တစ်ချက် ရယ်မောသည်ကို အမှတ်ရနေ၏။
"မထင်ပါဘူး လင်းရယ်။ မင်းက ဒီလောက် စိတ် မာတာ"
"ဒါပေမယ့် ကိုနဲ့ပတ်သက်ရင် လင်းစိတ်က မမာ ဘူးလေ။ ဥပမာ ကို ထားခဲ့ရင် လင်းဘာဖြစ်သွားမယ် ထင်လဲ။ လင်း ရင်ဆိုင်နိုင်မယ်ထင်လား"
"ဘာတွေ ပြောနေတာလဲ လင်းရယ်"
"လင်း ရူးသွားမှာ"
သည်စကားကို ဘာကြောင့် ပြောထွက်ခဲ့သည်လဲ ခုတော့ မမှတ်မိပြီ။ သူ့မျက်နှာ ကွက်ကနဲပျက်သည်ကိုတော့ အမူအရာအသေးစိတ်ကလေးကအစ မှတ်မိနေသေးသည်။ စိတ်မကောင်းဖြစ်တာမျိုးလား မသေချာ။
"ဒီမြက်ခင်းလေးပေါ် ငါ သူနဲ့အတူ ထိုင်ချင်လိုက် တာ လင်းရယ်"
သူငယ်ချင်း၏ စကားသံကိုကြားမှ လင်းစိတ်က နေရာမှန်သို့ ပြန်ရောက်လာသည်။ သူငယ်ချင်း၏ပုခုံးကို လင်း ထွေးဖက်လိုက်သည်။ ခေါင်းကလေး မှီလာသည် ကို ကြုံရ၏။ လွမ်းနေရှာပြီ။ ရေမြေခြားသည်မို့ လွမ်းရရှာသည်ကို လင်း စာနာသည်။ တစ်မြေတည်းနေလည်း လွမ်းခဲ့ဖူးသည်မို့ တစ်ပါးသူ၏ အလွမ်းကို စာနာနိုင် ပါသည်။
မြက်ခင်းလေးပေါ် ထိုင်ချင်တယ်တဲ့လား..။ သူငယ်ချင်းကတော့ အတိတ်ကို တသနေသည်ထင်၏။ သို့သော်လင်း မှာတော့ သည်စကားကို ဘယ်သို့ ပြောရမည်ပင် နားမလည်။ လင်းတွင် အတိတ်မရှိ။
အချိန်မရှိဘူးဟူသော လက်သုံးစကားသည် လင်း ကို မြက်ခင်းစိမ်းများနှင့်ဝေးစေသည်။ ရုပ်ရှင်ရုံများ၊ ဈေးဝယ် စင်တာများနှင့် ဝေးစေသည်။ မိတ်ဆွေများနှင့်တော့ သွားလာနိုင်သည်။ သို့သော် လင်း၏ လက်ကို တွဲချိတ် ထားမည့်သူ သည် သူမဖြစ်ခဲ့။ လင်း၏ တစ်ခုတည်း သော ဆန္ဒမှာ သူ့လက်ကို တွဲချိတ်လျက် အေးချမ်းသော ပတ်ဝန်းကျင်တွင် လမ်း လျှောက်လိုသည်။ စကားပြော လိုသည်။ သို့သော် စိတ်ကူးသည် အိပ်မက်တွင်သာ နေ ပျော်စီးမျော၏။
လင်းတို့သည် ခြားနားသောပတ်ဝန်းကျင်တွင် နေ့ ရက်များကို ကိုယ်စီ ကျင်လည်လျက်ရှိကြလေသည်။အင်မတန် ရှားပါးလှသော တွေ့ဆုံချိန်များတွင်တော့ လင်းသည် သူ့မျက်နှာကို ခုပင် ဝေးကွာရတော့မလို၊ လက်လွတ်ဆုံးရှုံးရတော့ မလို ငေးမောတတ်ခဲ့ပါသည်။
"လင်း ဒီလောက် ချစ်တတ်မယ်လို့ ကိုယ်တွေ့စက လုံးဝမထင်ခဲ့ဘူး" ဟု တစ်ကြိမ် ပြောဖူးသည်ကို ပြန်တွေး လျှင် ဘာကြောင့်ပြောခဲ့မှန်း နားမလည်။ သို့သော် မေးခွန်းတော့ လင်းတွင် အဆင်သင့်ရှိခဲ့ပေသည်။
''ကို လင်းကို ဘာလို့ ချစ်ခဲ့တာလဲ"
''မင်းက အေးချမ်းတဲ့ပုံစံလေးကိုး လင်းရဲ့။ ကိုယ်က အဲဒါကို သဘောကျသွားတာပဲ။ ကိုယ့်ကိုရော ဘာလို့ ချစ် တာလဲ ဆိုပါဦး"
"လင်းကတော့ ဘာလို့ ချစ်သွားမိမှန်း မသိဘူး။ လင်းမှာ အဖြေမရှိဘူး"
အဖြေသိရင် အချစ်မဟုတ်ဘူးလေဟု ပြောအံ့ဆဲဆဲ စကားလုံးများကိုတော့ လင်း အလျင်အမြန် ထိန်းချုပ် လိုက် ရပါသည်။
******
(၄)
စိတ်နှလုံးသည် ဟင်းလင်းပွင့်လျက်ရှိ၏။ ဦးနှောက်သည် ခုတော့ စိတ်နှလုံးကိုထိန်းမနိုင်ပြီ။ လင်းသည် မျက်ရည် များ တပေါက်ပေါက်စီးကျလာသည်ကို မတား တော့ပြီ။ ယခုမျက်ရည်သည် နောက်ဆုံးဖြစ်ရမည်။ လမ်းခွဲကြပါပြီ ဆို ကတည်းက လင်း မကြာခဏ မျက်ရည်ကျရသည်။ တိုက်ဆိုင်တာ တစ်ခုတလေ ကြုံ ကြိုက်တိုင်း မျက်ရည်ကျရသည်။ ခုတော့ မျက်ရည်များကို မုန်းတီးခဲ့ပြီ။ သည်တစ်ကြိမ်ပြီးလျှင် နောက် နောင် ဘယ်သောအခါမျှ မျက်ရည်မကျစေရ။
'တကယ်တော့ သူ ကျွန်မကို ရွေးချယ်ဖို့မကောင်း သလို ကျွန်မကလည်း သူ့ကို ချစ်ခဲ့ဖို့ မကောင်းပါဘူး။ ကျွန်မ သူ့ကို ချစ်မိသွားတဲ့အချစ်က နောက်တစ်ယောက် ကို ဘယ်လိုမှ စိတ်မ၀င်စားနိုင်တဲ့အချစ်မျိုး။ ဒါပေမယ့် သူကတော့ အဲဒီ လို မဟုတ်ဘူးလေ။ ဘ၀မှာ ၀မ်းနည်းဖို့ အကောင်းဆုံးအချိန်ကတော့ ကိုယ် အမှန်တကယ် ချစ်ခဲ့သူက ကိုယ့်ကို တကယ် မချစ်ဘူးလို့ သိလိုက်ရတဲ့ အချိန်ပါပဲ'
မျက်ရည်များသည် တဖြည်းဖြည်း ကျဲပါးလာ၏။ လင်း ပင့်သက်ရှိုက်လိုက်ပါသည်။ ၀မ်းနည်းနာကျင်မှု က စိတ် နှလုံး ကို ဆုပ်ခြေထားသော်လည်း လင်းသည် စာလုံးလေးများ စီးကျနေမှုကို မရပ်။ သည်စာလုံးလေး များသည် လင်း၏ နောက်ဆုံးသော နာကျင်ခြင်းကို သယ်ဆောင်သွားလိမ့်မည်ဟု တဖြည်းဖြည်းတိုးကာ ယုံ ကြည်စပြုလာပြီ။
'အစ်မအတွက် အခု ချိုသာချိန်တွေဖြစ်နေလိမ့်မယ်။ စီးမျောပါအစ်မရေ။ သူ့ကိုလည်း ဂရုစိုက်ပေးပါ။ သူက သူ့ ကိုယ်သူတော့ ပိုချစ်လိမ့်မယ်။ ဒါပေမယ့် အစ်မ သူ့ကို ချစ်မိပြီဆိုရင်တော့ ဒီတစ်ချက်ကိုလည်း မေ့ရင်မေ့ထား နိုင်မှာပါ'
******
ဆိုင်အပြင်ဘက်တွင် မိုးသည် ခပ်သည်းသည်းရွာ လျက်ရှိသည်။ မိုးတွင်းမိုးအတိုင်းပဲ။ သို့သော် ဧပြီလသာ ရှိ သေး သည်။ နွေဦး၏ အငွေ့အသက်ကို မနေ့ကပင် ကြုံရသေးသည်။ ရာသီဥတုပူလောင်ဆဲ။ သည်နေ့တော့ မိုးရွာပါရော ကွယ်။ အချစ်သည် ရာသီဥတုလိုပင် အစဉ် ပြောင်းလဲတတ်သည်လား။
ကော်ဖီခါးခါးအရသာ လျှာပေါ် စိမ့်သွားသည်ကို သည်နေ့ ခံစားမိခြင်းမရှိ။ သောက်မိမှန်းမသိအောင် ပင် ကော်ဖီ ကို တစ်ငုံချင်း မြိုချနေမိသည်။
လင်း၏ ရှေ့တွင် သူရှိနေပါသည်။ သူသည် ဖုန်း တစ်လုံးနှင့် အလုပ်ရှုပ်မြဲ။ လင်းနှင့်အတူ ရှိနေချိန်အတွင်း ဖုန်း အကြိမ်ကြိမ်လာသည်။ ယောက်ျားလေးသူငယ်ချင်းများလည်းပါသည်။ မိန်းကလေးသူငယ်ချင်းများ လည်းပါသည်။
သည်အထဲ သူငယ်ချင်း မ က တော့သော အမျိုးသမီးတစ်ဦးပါမည်ကို လင်း အလိုလိုသိနေသည်။ သူ့လေသံ အလောတကြီးနိုင်သည်ကို လင်းခံစားရသည်။ ဖုန်း ခပ်မြန်မြန်ချလိုခြင်း၊ စကားဖြတ်လိုခြင်းကို လင်းသိနေသည်။ တစ်ဖက် က အမျိုးသမီးကတော့ ဘယ်သို့နေ မည်မသိ။ လင်းသည် တနုံ့နုံ့နာကျင်စပြုလာသည်။
သိခဲ့ပြီးသော အမှန်တရားကို သက်သေပြုစရာလိုပါသလား။ နှုတ်ထွက်စကားတစ်ခွန်းကို အတည်ပြုပြီးလျှင် လင်း ၏ အနာဂတ်ကရော ဘယ်သို့ ပြောင်းသွားမှာပါလိမ့်။ သူ့လက်ကို လင်း လက်လွတ်နိုင်ပါပြီလား။
ကော်ဖီခွက်ကို ယောင်ယမ်း ကောက်ကိုင်မိသေးသည်။ ခွက်ထဲ ကော်ဖီကုန်နေသည်ကိုတွေ့မှ ပြန်ချမိသည်။ သွေးအေးရန် ဘယ်လိုပင် ပြင်ဆင်ခဲ့သော်လည်း လင်း သွေးမအေးနိုင်ပြီလား။
လင်းသည် နောက်ဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ် ကိုယ် အားပေးလိုက်ပါသည်။ လင်း အလိုရှိခဲ့တာ အ ချစ်တစ်ခု တည်းပါ။ အချစ်မှမရှိတော့ဘူးဆိုလျှင် လက် တစ်စုံကို ဆုပ်ကိုင်ထားလို့ရော ဘာအကျိုးထူးမလဲ။
"လင်းကို ပြောပြစရာတစ်ခုခု ကို့မှာ ရှိတယ်မဟုတ် လား။ ပြောပါ အားမနာနဲ့။ လင်း နားထောင်ပေးမယ်"
"ဘာလဲ လင်းရဲ့"
သူ့မျက်နှာပျက်သည်ကိုမြင်တော့ အကျင့်ပါနေသော စိတ်က သနားရန် ပြင်သေးသည်။ အပြင်ပန်းကတော့ ပြုံး ရယ် လိုက်နိုင်ပါသည်။
"မမမျိုးအကြောင်း ပြောစရာ မရှိဘူးလား ကိုရယ်"
မျက်ရည်မကျအောင် ထိန်းနိုင်သော်လည်း လင်း၏ အသံမှာ အဖျားခတ်တုန်ယင်နေခဲ့သည်။ နာမည်တစ်ခုကို ရေ ရွတ်လိုက်ရသည်မှာ အရှုံးကို လတ်လတ်ဆတ်ဆတ် မြင်တွေ့ရသလို စိတ်ကိုယိမ်းယိုင်ပြိုလဲစေသည်။ သည့်ထက်ပို၍ နာကျင်စရာမှာ ပြင်မရတော့သော၊ ဟန် မဆောင်တော့သော သူ့မျက်နှာ ပျက်ယွင်းခြင်းသာတည်း။
အမှန်တရားမှန်း လင်းကိုယ်တိုင် သိသော်ငြား သူ့ နှုတ်က အလိမ်အညာကို မသိစိတ်က နားစွင့်နေသေးသည် လား မသိ။ သူ ခေါင်းစိုက်ကျသွားလျှင် လင်း၏ ရင်ထဲ လေဟာနယ်တစ် ခုဖြစ်တည် လာသလို။ လင်း၏ စိတ်ကလည်း အမှောင်ထဲ လွင့်မျောနေသလို။ ဟင့်အင်း ...မျက်ရည်မကျပါနဲ့။ သူ့ရှေ့မှာ ဘယ်တော့မှ မျက်ရည် မကျပါနဲ့။ မျက်ရည် သည် ထွက်သွားမည့်ခြေလှမ်းများ ကို ချုပ်နှောင်ရန် လက်နက်မဟုတ်။ အထူးသဖြင့် လင်း ၏ လက်နက်မဟုတ်။
စကားလုံးများသည် သူ့နှုတ်ဖျားမှ ခုန်ဆင်းထွက် ကျလာ၏။ စကားသံများသည် နီးလာလိုက် ဝေးသွား လိုက်ရှိ သလို တိုးတစ်လှည့် ကျယ်တစ်လှည့်။ သူ့မျက် နှာကို ငေးစိုက်ကြည့်နေမိသည့်ကြားက စကားလုံးတိုင်း ကို မဖမ်းဆုပ်မိ။ လင်းသည် တိမ်မျှင်စများပေါ် လိုက် ပါနေရသလို လူက တိမ်းတိမ်းပွေပွေ ဖြစ်ပြုလာသည်။ နောက်ဆုံး စကားလုံးများကို တော့ အမိအရကြားလိုက် သည်။ ကြားလိုက်သည်ဟု ထင်သည်။
"ကိုယ့်ကို ခွင့်လွတ်ပါလင်းရယ်။ မင်းကို ကိုယ် သနားတာပဲ သိတော့တယ်။ တကယ်တော့ မင်းနဲ့ကိုယ်က မတူ တာတွေ သိပ်များတယ်။ မင်းက လေးနက်လွန်း တယ်။ မင်းက သိပ်ချစ်လေ ကိုယ့်မှာ မွန်းကြပ်လေပဲ"
အချစ်စစ်သည် အမှန်မချစ်သူကို မွန်းကြပ်ပိတ် လှောင်သလို ခံစားရစေသလား။ လင်း မသိပါ။ နာကျင် စိတ်ကို မြိုသိပ်ကာ လင်း တစ်ချက်ရယ်မောလိုက်ပါ သည်။ ခုတော့ စိတ်နှင့် ကိုယ်သည် တစ်ထပ်တည်းရှိ ကြပြီ။
"လင်း မှားသွားတယ်။ အချိန်သာ နောက်ပြန် ရွှေ့ လို့ရရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကို ပြန်သွားချင် တယ်။ အဲဒါဆိုရင် လင်းရဲ့ ခု ပစ္စုပ္ပန်မှာ ချစ်သူဆိုတာ လည်းမရှိဘူး၊ မလိုတော့ဘူး။ လင်းမှားသွားတယ်"
"ကိုယ် မင်းကို သံယောဇဉ်ရှိပါတယ် လင်းရယ်။ မင်းနဲ့ကိုယ် မဖြစ်နိုင်တာလည်း သိခဲ့တာ ကြာပြီပဲ။ ဒါပေမယ့် ပြောမထွက်ဘူး။ မင်းက ကိုယ့်ကို သိပ်ချစ်တာ သိထားတော့ ပြောမထွက်ဘူး"
အခု ပြောထွက်ပြီပေါ့...။ လင်းသည် နှုတ်ဖျားမှထွက် ကျလုဆဲဆဲ စကားလုံးတို့ကို မြိုသိပ်လိုက်ပါသည်။ မ ပြော လို တော့ပြီ။ သူက စကားများစွာ ဆက်ပြောသေး သည်ကို လက်ကာပြကာ ထိုင်ရာမှထလိုက်ပါသည်။
စောစောက ခိုင်မတ်ပြီထင်ထားသော ခြေလှမ်းများ က ယိုင်နဲ့စပြုသည်။ သူ့ရှေ့က မထွက်ခွာနိုင်ပြီလား။ ကြိုးစား ၍ ပြုံးလိုက်သောအပြုံးသည် ကိုယ့်ကိုယ်ကိုယ် အားပေးခြင်းလည်း မည်၏။ လင်း သူ့မျက်နှာကို အ ပြုံးနှင့်ပင် စူးစိုက် ကြည့်လိုက်ပါသည်။
သူသည် လင်းကို ငေးမောလျက်။ သူ့မျက်ဝန်းတွင် အပြစ်မကင်းဟန် ခံစားမှုကို မြင်ရသည်။ သည်တစ်ကြိမ် မြင် တွေ့ရသော မျက်ဝန်းသည် ချစ်သူအဖြစ် လက် တွဲခဲ့သောတစ်နှစ်ကျော်ကာလအတွင်း လင်းကို ကြည့်ရှုခဲ့သည့် မျက်ဝန်း များထက် စစ်မှန်သည်ကို အလိုလို ခံစား ရပါသည်။
"ကျန်းမာရေးလည်း ဂရုစိုက်ဦး ကြားလား"
သည်စကားအတွက်တော့ လင်းက အပြုံးစစ်ကို ပြုံး လိုက်မိသည်။ တစ်ကြိမ်မျှပင် မကြားခဲ့ဖူးသော စကား။ ကျေးဇူးပါဟု လင်းပြောခဲ့မိသည်လား မမှတ်မိ။
ဆိုင်ထဲကနေ အသိစိတ်လွတ်သော ခြေလှမ်းများနှင့် ထွက်လာသည်။ လမ်းပေါ်ရောက်သည်။ ကားတစ်စီးကို လှမ်းတားသည်။ အိမ်အပြန်လမ်းကို ညွှန်ပြီးနောက် ဆူးလေကို ကျောခိုင်းလိုက်သည်။
ကားကလေးသည် တိုက်တာအဆောက်အအုံများ၊ ကားများကို တရိပ်ရိပ်ဖြတ်လာသည်။ ဆူးလေနှင့် လင်း နေ ထိုင်ရာသည် သိပ်မဝေး။ သို့သော် ကားပေါ်တွင် နာရီ များစွာ ကြာသလိုထင်နေသည်။ ပင်ပန်းလှပြီ။ အခန်းထဲ နားနေ လိုက်ရလျှင် နည်းနည်းနေသာမည်။ ခုချိန်ထိ မျက်ရည်တစ်စက်သော်မျှ မကျနိုင်ခြင်းသည် လူကို ပို၍ ပင်ပန်းစေသလား။
အခန်းလေးသည် အရင့်အရင်နေ့များကထက် တိတ် ဆိတ်ခြောက်သွေ့စွာ လင်းကို ကြိုနေသည်။ အထီးကျန်မှု ကို မြင်သာစေသော၊ ဒဏ်ရာကိုပို၍ စူးနစ်စေတတ် သော အခန်းလေး။
မျက်ရည်သည် မျက်ဝန်းနှင့် စိတ်နှလုံးတို့ ဆက် သွယ်ရာက စီးကျလာသည်လား။ နှလုံးသွေးသည် မျက်ရည် အဖြစ် အသွင်ပြောင်းလာသည်လား။ အချစ်သည် မျက်ရည်ကို ဖန်ဆင်းတတ်မှန်း လင်း ခုတော့ သိပေပြီ။
ထိုနေ့က ညဘက်တွင် အီးမေးလ်စစ်ရသေးသည်။ အလုပ်အတွက် စာတစ်စောင်ကို လက်ခံရမည်ကို စိတ် ပင်ပန်း နေသည့်ကြားက မမေ့လျော့၍ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရသည်။ စာကို ဖတ်ပြီး ပြန်ထွက်ရန် ပြင်ဆဲ စကား ပြောဆို နှုတ်ဆက်လာသူကို ကြုံရသည်။
သူနဲ့ တွေ့သေးလား...တဲ့။ ရေမြေခြားက သူ့ သူငယ် ချင်း၊ လင်းနှင့်လည်း ရင်းနှီးသူ။ လင်းကို အစ်ကိုတစ် ယောက်သဖွယ် စေတနာထားသူ။ စကားပြန်ရမည်လား၊ မပြန်ရဘူးလား။ နောက်တော့ လက်ချောင်းများက အလိုလိုပင် စာလုံးလေးများကို ရိုက်လိုက်မိသည်။ စကား တချို့အပြန်အလှန်ပြောဖြစ်သည်။ ဒါနှင့်ပင် မရည်ရွယ် သော စကားတစ်စ ထွက်ကျခဲ့ရသည်။
"သူ လင်းကို တကယ်မချစ်ခဲ့ပါဘူး"
တစ်ဖက်က ခဏမျှ ကြာပြီးမှ စကားပြန်လာသည်။
"ဒါကို ခုမှ သိတာလား ညီမလေးရယ်။ ညီမလေးက သိပ်ရိုးတယ်။ စိတ်ကို ရှင်းရှင်းသာထားတာ အကောင်းဆုံး ပဲ"
လင်းသည် ဖန်သားပြင်ကို အသက်ကင်းမဲ့နေသူလို အချိန်အတော်ကြာ ငေးမောနေခဲ့ရပါသည်။
*********
(၅)
'သူနဲ့ ပြတ်သွားရင် ကျွန်မ ရူးမှာပဲလို့ထင်ခဲ့တယ်။ တကယ်တမ်းတော့ မရူးခဲ့ပါဘူး အစ်မရယ်။ ကျွန်မမှာ အနာဂတ်အိပ်မက်တွေရှိသေးတာကိုး။ အချစ်ကြောင့် တော့ ဘာကိုမှ အပျက်စီးမခံနိုင်ခဲ့ဘူးလေ။ ပုံမှန်အ တိုင်းပြန်ဖြစ်ဖို့ တည်ဆောက်ရတဲ့ကာလကတော့ ကြာ တာပေါ့။ လမ်းဟောင်းတွေပေါ် တစ်ယောက်တည်း ယောင်ချာချာဖြစ်ရတာ အတော်ကြာတယ်။ ဖုန်းသံ ကြားတိုင်း ယောင်ပြီး အပြေးကိုင်တတ်တာ အတော် ကြာတယ်။ ဘုရားရောက်တိုင်း သူ့မွေးနံ ထောင့်ကိုပဲ အရင်သွားတတ်တော့တာလည်း အတော်ကြာခဲ့ပါတယ် အစ်မရယ်'
လင်းသည် စကားလုံးလေးများကို တစ်လုံးချင်း ပြန်ဖတ်နေမိသည်။ စိတ်ထဲက စကားအားလုံးကို ထုတ် ပြခဲ့မိ သည်လား မသိ။ ခံစားမှုကို မြင်သာစေမည့် လင်း ၏ စကားလုံးတို့သည် တစ်ဖက်သားကို နာကျင်ခံခက် စေမည်လား။
ပြီးခဲ့သော လတွေအတွင်း သူတို့ကို အတူတွဲလျက် တစ်ကြိမ် အဝေးက လှမ်းမြင်ဖူးသည်။ သည်တစ်ကြိမ် သာပဲ။ သည်တုန်းက ကျောခိုင်းလျက် အပြေးထွက်ခဲ့ ရသည်ကို သတိရနေသည်။ သွေးအေးငြိမ်သက်ရန် တည်ဆောက်ထား သည့်ကြားက ပြိုလဲချင်ခဲ့သေးသည် ကို အမှတ်ရနေသည်။ သည်တစ်ကြိမ်သာ ဆုံပြီးနောက် ဘယ်သောအခါမှ မတွေ့ ကြုံရခြင်းအတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်ရသည်။
သူ့သတင်းစကားများကတော့ အခါအခွင့်သင့်တိုင်း လေပြေနှင့်အတူ လင်းထံ စီးမျောလာမြဲ။ လင်း၏ ပတ်ဝန်း ကျင်သည် သူ့ကို မမေ့သေး။ သူ့ပတ်ဝန်းကျင်သည် လည်း လင်းကို သတိထားတတ်မြဲ။ တစ်ယောက်တည်း လားဟူသော မေးခွန်းသည် လင်း၏ စိတ်ကို ပြင်းစွာ နာကျင်စေသော မေးခွန်းသာဖြစ်သည်။
သို့သော် လင်း မငိုတတ်တော့ပါ။
'ကျွန်မ သူ့ကို မေ့နိုင်ခဲ့ပါပြီ။ မေ့နိုင်ခဲ့ပြီလို့လည်း ကိုယ့်ဘာသာတော့ သေချာပါတယ်။ ဒါပေမယ့် ဘာ ကြောင့် တော့ မသိဘူး။ ကျွန်မ ဆံပင်ရှည်တွေကို ခုထိ မညှပ်မိသေးဘူး။ ခပ်ညစ်ညစ်အရောင်တောင် ပေါက်နေ တဲ့ ၀က်ဝံရုပ်ကို မပစ်မိသေးဘူး။ အိတ်အဟောင်းလေး တစ်လုံးကိုလည်း ခုထိ လွယ်တုန်းပဲ။ စ၀ယ်လာပေးက တည်းက ကျွန်မနဲ့ မတော် တဲ့၊ တစ်ကြိမ်မှမ၀တ်ခဲ့ရတဲ့ အင်္ကျီလေးတွေလည်း သိမ်းထားတုန်းပါပဲ'
******
လင်း၏ စာကြည့်စားပွဲလေးပေါ်တွင် စာတစ်စောင် ရှိနေပါသည်။
ခရမ်းရောင် သစ်ခွပန်းအလှအိုးကလေး၏ ဘေးတွင် ထိုစာရှိနေသည်။
စာအိတ်ဖြူပေါ်တွင် ခုချိန်အထိ လိပ်စာမတပ်ရ သေး။ ထိုစာကလေးကို ရည်ရွယ်သူထံ ပို့မည်၊ မပို့မည် ကိုလည်း မဆုံးဖြတ်ရသေးချေ။ (စံပယ်ဖြူနု)
********************************************************
မောင် ဒီဇာတ်လေးထဲက လင်း ဆိုတဲ့ မိန်းခလေးရဲ့ အဖြစ်က နွယ်အဖြစ်နဲ့ သိပ်မကွားဘူးနော
သူလည်း သူ ချစ်သူကိုသိပ်ချစ်လွန်းအးကြီးတော့ နောက်ဆုံးမှာ အရှုံးကြီးကျရှုံးခဲ့ရတယ်....။
တကယ်တော့ အချစ်ကြီးတဲ့သူတိုင်း အရှုံးကြီးဖက်မှာပဲ အမြဲရှိနေတယ်ဆိုတာ နွယ် ဒီဇာတ်လမ်းလေးကို
ဖတ် ရင်းသိလိုက်ရပါပီ.........
**** နောင် ဘ၀ ဆက်တိုင်းဆက်တိုင်း အချစ်ကြီးသော ချစ်သူမျိုး မဖြစ်ရပါစေနှင့် ဘုရား ****
ဝဋ်ကြွေးများရှိခဲ့ရင်လည်း ဒီဘ၀ ဒီမျှနဲ့သာကျေပါစေတော့လား
__________________________________________________________________________
နွယ်လည်း ခု ဒီတိုင်းဖြစ်နေရပြီ မောင်ရယ်........
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment